သမိုင်းကြောင်း

မန္တလေးမြို့ကို ခရစ်နှစ် ၁၈၅၇ ခုနှစ်တွင် ကုန်းဘောင်မင်းဆက် (၁၁) ဆက်တွင် ဒဿမ​မြောက်ဖြစ်သော မြန်မာဘုရင် မင်းတုန်းမင်း မှ ရဟန်းရှင်လူအများ ကန့်ကွက် သည့် ကြားမှ စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မန္တလေးသည် ၁၈၈၅ ခုနှစ် သီပေါမင်း လက်ထက် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ မတိုင်မီ (၁၈၆၀-၁၈၈၅)တွင် နောက်ဆုံး ကျန်ရစ်သည့် လွတ်လပ်သော မြန်မာ့မင်းနေပြည်တော်လည်းဖြစ်သည်။ ယခင်က “ရတနာပုံ” ဟုအမည်တွင်ခဲ့ပြီး နောင်အခါ “မန္တလေးတောင်” ကိုအစွဲပြု၍ “မန္တလေး”ဟု အမည်တွင်လေသည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ် ပြီး မန္တလေးတိုင်းဒေသကြီးမြို့တော်ဖြစ်သည်။ ၂၀၁၄ ခုနှစ် စာရင်းအရ လူဦးရေ ၁ ၂၂၅ ၅၅၃ ယောက် ရှိသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့ မှ ၃၈၅မိုင် ကွာဝေး ၍ ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ကုန်းဘောင်မင်းဆက် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း နေပြည်တော် ဖြစ်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံ အထက်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန်မြို့ပြီးနောက် ဒုတိယအကြီးဆုံးသောမြို့ဖြစ်သည်။ မြန်မာ နိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိသကဲ့သို့ပင် မြန်မာ့ယဉ်ကျေးမှုတို့ စုဝေးရာ ဒေသလည်း ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကူးသန်းသွားလာရေးနှင့် ကုန်စည်ပို့ ဆောင်ရေးတို့ အတွက် အချက်အချာကျသည်။ မန္တလေးမြို့သည် ခေတ် ၃ ခေတ်ပြောင်း ခဲ့သော်လည်း ထင်ရှားလျက်ပင်ရှိပေသေးသည်။ နှစ်၁ဝဝ အတောအတွင်းဝယ် မန္တလေးမြို့တွင် ဒုတိယ ကမ္ဘာစစ်ဒဏ်၊ မီးဘေးအန္တရာယ်များကို ခံရသောကြောင့် အပျက်အစီး ရှိခဲ့သော်လည်း အသစ် ပြန်လည်ပျိုးထောင်နိုင်ခဲ့သည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ နောက်ဆုံးမင်း နေပြည်တော် ဖြစ်ခဲ့သည့်အလျောက် ယဉ်ကျေးမှုအမွေအနှစ်များ အများအပြား ကျန်ရစ်ခဲ့သည်။ မြန်မာနိုင်ငံ၏ယဉ်ကျေးမှုမြို့တော်ဖြစ်သော မန္တလေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က တရုတ်လူမျိုးများ ဝင်ရောက်လာခဲ့ပြီး တရုတ်ယဉ်ကျေးမှုများ စီးဆင်း ဝင်ရောက် လာသည်။

မန္တလေးမြို့သည် ဧရာဝတီမြစ်၏ လက်ဝဲဖက်ဖြစ်သော အရှေ့ဖက် ကမ်းပေါ်တွင် တည်ရှိ၍ ဧရာဝတီမြစ်နှင့် ရှမ်းကုန်းပြင်မြင့်၏ အကြား အနံ ၈ မိုင် ရှိသော မြေပြန့်၏ တစ်စိတ်တစ်ပိုင်းတွင် တည်ရှိသည်။ မြောက်လတ္တီကျု ၂၁ ဒီဂရီ ၉၈ မိနစ် နှင့် အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ဝ၈ မိနစ် ကြားတွင် တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၂၅ စတုရန်းမိုင် ရှိ၍ လူဦးရေမှာ ၁၉၆၃ ခုနှစ်တွင် ခန့်မှန်းခြေ ၂၁၅၄၂၆ ယောက်ခန့်ရှိသည်။ ရပ်ကွက် ၃၈၊ အိမ်ခြေပေါင်း ၃၅ဝဝဝ ခန့် ရှိ၏။ ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်များအရ ၂၀၀၇ ခုနှစ်တွင် မန္တလေးမြို့၏ လူဦးရေသည် စုစုပေါင်း ၁ သန်းခန့် ရှိသည်ဟု သိရသည်။ လူဦးရေ တိုးတက်နှုန်းများအရ ၂၀၂၅ ခုနှစ်တွင် မြို့နေလူဦးရေ စုစုပေါင်း ၁.၅ သန်းခန့်ရှိလာမည်ဟု ခန့်မှန်းထားသည်။  မန္တလေးမြို့သည် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ ၏ အုပ်ချုပ်မှုတွင် တည်ရှိ၍ မြို့နယ် ၆ခု ၊ အရံမြို့နယ် ပုသိမ်ကြီးမြို့နယ် ၁ခုဖြင့် ဖွဲ့စည်းထားသည်။ မန္တလေးစည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်တွင် မဟာ အောင်မြေမြို့နယ်, အောင်မြေသာဇံမြို့နယ်, ချမ်းအေးသာဇံမြို့နယ်, ချမ်းမြသာ စည်မြို့နယ်, ပြည်ကြီးတံခွန်မြို့နယ်, အမရပူရမြို့နယ်  မြို့နယ် (၆)မြို့နယ်ပါဝင်သည်။ မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ အမရပူရမြို့ဟောင်း တွင် အမရပူရနန်းတော်၊ သပြေတန်း ခံတပ်၊ တောင်သမန် အင်း၊ ဦးပိန် တံတား၊ မယ်ဇယ် တန်း၊ တောင်လေးလုံးကျောင်း တိုက်၊ ဗားကရာဘုန်းကြီး ကျောင်း၊ ဆောင်းဒါးရက်ကန်း ကျောင်း၊ ကျောက်တော်ကြီးဘုရား (အမရပူရ)နှင့် ရတနာ့ဂူတို့ အဓိကနေရာအဖြစ် တည် ရှိနေသေးသည်။