Skip to content

စည်ပင်အခွန်များ

မန္တလေးမြို့တော်စည်ပင်သာယာရေး ဥပဒေနှင့်နည်းဥပဒေများမှ အခွန်ဌာနတွင် ကောက်ခံလျက်ရှိသော အခွန်တစ်ခုချင်းစီ၏ အနက်အဓိပ္ပာယ်များ

  • ရေခွန် ဆိုသည်မှာ ကော်မတီမှ ရေဖြန့်ဝေပေးခြင်းအတွက် ကောက်ခံသည့်အခွန်ကို ဆိုသည်။
  • အမှိုက်နှင့် အညစ်အကြေးခွန် ဆိုသည်မှာ အမှိုက်နှင့် အညစ်အကြေးများ စုစည်း သိမ်းစည်းခြင်း၊ စွန့်ပစ်ခြင်း၊ ဖျက်စီးခြင်း၊ မိလ္လာသန့်စင်ခြင်း လုပ်ငန်းများနှင့် ရေစီး ရေလာကောင်းစေရန် ရေမြောင်းများ ရှင်းလင်းခြင်းတို့အတွက် ဆောင်ရွက်ရသည့် စရိတ်များအား ကျခံနိုင်စေရန် စည်းကြပ်သည့်အခွန်ကို ဆိုသည်။
  • ဘီးခွန် ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း မှတ်ပုံတင်ထားသော ယာဉ်များအပေါ် မြို့တော်နယ်နိမိတ်အတွင်း မောင်းနှင်သွားလာခြင်း အတွက် ကော်မတီက ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်နှုန်းထားအရ ကောက်ခံသည့် အခွန်ကို ဆိုသည်။
  • မြို့ဝင်ကြေး ဆိုသည်မှာ ကော်မတီတွင် ဘီးခွန်ထမ်းဆောင်ထားခြင်း မရှိသော ယာဉ်များ မြို့တော်နယ်နိမိတ်အတွင်းသို့ ဝင်ရောက်ခြင်းအတွက် ကောက်ခံသော အခကြေးငွေကို ဆိုသည်။
  • ယာဉ်ညဉ့်အိပ်ခွန် ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီပို်ငယာဉ် ရပ်နားစခန်းတွင် ဖြစ်စေ၊ ကော်မတီက စီမံခန့်ခွဲသောမြေ သို့မဟုတ် အများပြည်သူ ဆိုင်ရာ လမ်းပေါ်တွင်ဖြစ်စေ၊ ယာဉ်ညဉ့်အိပ်ရပ်နား ထားရှိခြင်းအတွက် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ကောက်ခံသော အခွန်ကို ဆိုသည်။
  • ယာဉ်ရပ်နားခ ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက အမိန့်ကြော်ငြာစာထုတ်ပြန်၍ စီမံခန့်ခွဲသောမြေ သို့မဟုတ် အများပြည်သူဆိုင်ရာလမ်း သို့မဟုတ် ယာဉ်ရပ်နားစခန်းတွင် ယာဉ်ရပ်နားခြင်းအတွက် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ကောက်ခံသည့် အခွန်အခကို ဆိုသည်။
  • ယာဉ်အပ်နှံခ ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်းရှိ ဈေးများ၊ ပုဂ္ဂလိကအရောင်းစင်တာများ၊ ရုပ်ရှင်ရုံများ၊ ဆေးရုံဆေးခန်းများ၊ ခန်းမများ စသည်တို့၏ အနီးဝန်းကျင် စည်ပင်သာယာပိုင်လမ်း သို့မဟုတ် မြေပေါ်တွင် လာရောက်လုပ်ငန်း ဆောင်ရွက်ကြသူတို့၏ ယာဉ်များကို စနစ်တကျ ထားရှိ အပ်နှံစေ၍ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ကောက်ခံစေသော အခကြေးငွေကိုဆိုသည်။
  • ယာဉ်တန်ပိုကြေး ဆိုသည်မှာ ကော်မတီက သတ်မှတ်သည့် ဝန်အလေးချိန်ထက် ပို၍ တင်ဆောင်လာသည့် ယာဉ်များကို ကောက်ခံသည့် အခကြေးငွေကို ဆိုသည်။
  • လမ်းအသုံးပြုခ ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်းသို့ ဝင်ရောက်ခြင်း၊ နယ်နိမိတ်ပြင်ပသို့ ထွက်ခွာခြင်း၊ ဖြတ်သန်းသွားလာခြင်းပြုသော ယာဉ်များတွင် ဘီးခွန် မပေးဆောင်ထားသောယာဉ်များ၊ ဘီးခွန်ပေးဆောင်ထား သော်လည်း စီးပွားရေးလုပ်ငန်းသုံးယာဉ်များအား ယာဉ်၏ဝန်ပါ အလေးချိန်ပေါ်တွင် ကော်မတီက သတ်မှတ်နှုန်း ထားအတိုင်း ကောက်ခံသည့်အခကြေးငွေကို ဆိုလိုသည်။
  • ယာဉ်ဖြင့်လှည့်လည်ရောင်းချခြင်း ဆိုသည်မှာ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ ကုန်ပစ္စည်းများ လှည့်လည် ကြော်ငြာ ရောင်းချခြင်းကို ဆိုသည်။
  • ခွင့်ပြုချက်ဆိုသည်မှာ ယာဉ်ဖြင့် လှည့်လည်ရောင်းချခြင်း၊ ကွမ်းယာဆိုင်၊အိမ်ဆိုင်၊နံရံကပ်ဆိုင် သို့မဟုတ် လှေကားခွင်ဆိုင်ဖွင့်လှစ်ခြင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဤနည်းဥပဒေများအရထုတ်ပေးသော ခွင့်ပြုချက်ကိုဆိုသည်။
  • ပစ္စည်းခွန် ဆိုသည်မှာ မြေဖြစ်စေ၊ အဆောက်အအုံဖြစ်စေ၊ ၎င်းတို့၏ နှစ်စဉ်တန်ဖိုးအပေါ် သတ်မှတ်သော ရာခိုင်နှုန်းဖြင့် ကောက်ခံသောအခွန်ကို ဆိုသည်။ ယင်း စကားရပ်တွင် အထွေထွေခွန်၊မီးခွန်၊ရေခွန်၊အမှိုက်နှင့် အညစ်အကြေးခွန်တို့် ပါဝင်ပါသည်။
  • အထွေထွေခွန် ဆိုသည်မှာ အများပြည်သူဆိုင်ရာ လမ်းများ၊ တံတားများ၊ ရေမြောင်းများ၊ဈေးများ၊ ပန်းခြံများ၊ အားကစားကွင်းစသည်များ တည်ဆောက်ခြင်း၊ ဖောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကုန်ကျစရိတ်များအတွက် စည်းကြပ်သည့် အခွန်ကို ဆိုသည်။ ယင်းစကားရပ်တွင် အိမ်ခွန်လည်း ပါဝင်သည်။
  • ပုဂ္ဂလိကဆေးရုံပစ္စည်းခွန် ပုဂ္ဂလိကပိုင်ဆေးရုံများအပေါ် အဆောက်အအုံအမျိုးအစားများ၊ မြို့နယ် အတန်းအစား၊ ဝန်ဆောင်မှုတို့အပေါ် မူတည်၍ သင့်လျော်သော နှုန်းထားသတ်မှတ်ကာ တက်ရောက်ကုသသည့် လူဦးရေ အလိုက် ပုဂ္ဂလိကဆေးရုံပစ္စည်းခွန် စည်းကြပ်နိုင်သည်။
  • စက်ပစ္စည်းခွန် အထူးအမျိုးအစားဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများကို တန်ဖိုးဖြတ်ဆိုရာတွင် မြေနှင့် အဆောက်အအုံ တန်ဖိုးအပြင် စက်ပစ္စည်းတန်ဖိုးကို ထည့်သွင်း၍ နှစ်စဉ်ပြုန်းတီးမှု တန်ဖိုးသတ်မှတ် နှုတ်ပယ်ပြီး ကျန်တန်ဖိုးအပေါ်တွင် ပစ္စည်းခွန် သီးခြားစည်းကြပ်နိုင်သည်။
  • နိုင်ငံခြားသားအငှားချပစ္စည်းခွန် မည်သူ့ကိုမဆို နိုင်ငံခြားငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားသားထံမှ မြန်မာကျပ်ငွေဖြင့်ဖြစ် စေ၊ ငှားရမ်းခယူ၍ အငှားချထားသော လူနေအိမ်၊ အခန်း၊ ဘော်ဒါဆောင်နှင့် အခြားအဆောက်အအုံများအား ငှားရမ်း ခတန်ဖိုးပေါ်မှ သတ်မှတ်နှုန်းထားများဖြင့် နိုင်ငံခြားသား အငှားချ အဆောက်အဦး ပစ္စည်းခွန် စည်းကြပ်နိုင်သည်။
  • ရုပ်ရှင်ရုံပစ္စည်းခွန် အစိုးရထံမှဖြစ်စေ၊ အဖွဲ့အစည်းထံမှ ဖြစ်စေ၊ မြေနှင့်အဆောက်အအုံကို ငှားရမ်း၍ သော်လည်း ကောင်း၊ မိမိကိုယ်ပိုင်မြေနှင့် အဆောက်အအုံကို အသုံးပြု၍သော်လည်းကောင်း၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုပြသခြင်း လုပ်ငန်း ဆောင်ရွက်ပါက ရုပ်ရှင်ရုံပစ္စည်းခွန်အား သီးခြား နှုန်းထား သတ်မှတ်၍ ကောက်ခံနိုင်ပါသည်။